မုန်တိုင်းနာဂစ်နှင့်

မုန်တိုင်းနာဂစ်နှင့်အာဏာရှင်စနစ်နာဂစ် 

   ( မေလ-၃ )ရက်နေ့က( စနေနေ့)ကနေစတင်ပြီး တစ်နာရီမိုင်(၁၅၀)နှုန်းနဲ့ တိုက်ခတ်လာတဲ့ နာဂစ်အမည်ရှိတဲ့ ဆိုင်ကလုန်းမုန်တိုင်ကြီးဟာ မြန်မာပြည် ကမ်းရိုးတမ်း ဒေသအချို့နဲ့ ရန်ကုန်၊ပဲခူး၊ဧရာဝတီစတဲ့ မြို့တော်တော်များများကို ဝင်ရောက်တိုက်ခတ် သွားခဲ့တာ အားလုံးသိပြီးသားပါ။သူ့ကြောင့် လူပေါင်း(၁ သိန်း)ကျော်ခန့်် သေကြေ ပျက်စီးပြီး။အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ကြရတဲ့ လူပေါင်းဟာလည်း(၁သန်းခွဲ)ကျော်လောက် ရှိနေပါပြီ။ဒါဟာ ကျွန်တော်တို့ တစ်သက်မှာ တစ်ခါမှ မကြုံဖူးသေးတဲ့ သဘာဝဘေးအန္တရယ် ဖြစ်စဉ်ပါ။ရှေ့မှီနောက်မှီ အဖိုးအဖွားတွေကတောင် ရင်ဘက်လက်ဖိ အံ့သြမှင်သက် နေမိကြပါတယ်။ ဒီလို ဆိုးဝါးလှတဲ့ သဘာဝဘေးဒဏ်ကို မခံစားဘူးသေးတဲ့ မြန်မာပြည်သူတွေဟာအခုဆိုရင် တော်တော်လေးထိတ်လန့်နေကြ ပါပြီ။ ဒါပေမယ့် နာဂစ်ထက် အဆပေါင်းများစွာ ပြင်းထန်တဲ့၊နာဂစ်ထက် ပိုလို့ပိုလို့ ဆိုးဝါးတဲ့ အာဏာရှင်စနစ် နာဂစ်ဟာ(၁၉၈၈)ခုနှစ် ကနေစတင်ပြီး မြန်မာပြည်မှာ တိုက်ခဲ့တာဟာ ကနေ့အထိဆိုရင် နှစ်ပေါင်း(၂၀)ရှိသွားပါပြီ။နာဂစ်ထက် ပိုပြီးဆိုး ဝါးတဲ့၊နာဂစ်ထက် အဆပေါင်းများစွာ ရိုင်းစိုင်းတဲ့ အာဏာရှင်စနစ် နာဂစ်ရဲ့အောက်မှာ သေကြ ပျက်စီးကြရ၊ပျောက်ဆုံးကြရ၊အိုးမဲ့ အိမ်မဲ့ ဖြစ်ကြရတဲ့ ရဟန်းရှင်လူ ပြည်သူတွေ ဟာ အဲဒီအာဏာရှင်ကြီးတွေ အုပ်ချုပ်တဲ့ နှစ်ပေါင်း( ၂၀)ကျော် ကာလအတွင်းမှာ ဘယ်လောက်အထိရှိသွားပြီလဲဆိုတာ ဖြစ်စဉ်တွေကိုကြည့်ရင် သိနိုင်ပါတယ်။ နာဂစ်မုန်တိုင်းဒဏ်ကြောင့် ရရှိလာတဲ့ အသေအပျောက်စာရင်းဟာ အာဏာရှင် စနစ်နာဂစ်ထက်စာရင် မပျောပလောက်အောင် နည်းနေပါသေးတယ်။အာဏာရှင်စနစ် နာဂစ်ဟာ ဘယ်လောက်ထိအောင် ကြောင်စရာကောင်းသလဲဆိုရင် မုန်တိုင်းဒဏ် ကြောင့် အိုးမဲ့အိမ်မဲ့ ဖြစ်ပြီး ဒုက္ခ သုက္ခ တွေကို ခါးသီးစွာခံစားနေကြရတဲ့ ရဟန်းရှင်လူ ပြည်သူတွေ နိုင်ငံတကာက လူသားခြင်းစာနာထောက်ထားပြီး အကူအညီပေးပါ့မယ်ဆို တာကိုတောင် အတ္တကြီးမားစွာနဲ့ ၊တည့်တည့်ပြောရရင်တော့ လူမဆန်စွာနဲ့ ပိတ်ပင်တား မြစ်ခဲ့ပါသေးတယ်။ကဲ….ဘယ်လောက်ထိ ကြောက်စရာကောင်းလိုက်သလဲလို့။ လူသားခြင်း စာနာထောက်ထားမူဆိုတာဟာ လူသားတိုင်းမှာ ရှိသင့်ရှိထိုက်တဲ့ ရှိကိုရှိရမဲ့ အခြေခံ လူ့စိတ်ဓာတ်ပါ။အဲဒီ အခြခံလူ့စိတ်ဓာတ်တောင်မှ မမွေးနိုင်ကြသေးတဲ့ ပုဂ္ဂိုလ်တွေက တိုင်းပြည်အုပ်ချုပ်မင်းလုပ်နေကြတာဆိုတော့ သူတို့ကနေစီးဆင်းလာတဲ့ အာဏာစီးကြောင်းထဲမှာ တစ်ဖက်စွန်းရောက်နေတဲ့ လောဘတွေ၊ဒေါသတွေ၊မောဟတွေ မာနတွေ နောက်….ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုတဲ့ တစ်ဘို့ထဲကြည့်တဲ့ အတ္တတွေ၊ရိုင်းစိုင်းယုတ်မာမှုတွေ၊တရားလက်လွတ်မှုတွေ၊ကောက်ကျစ်စဉ်းလဲမှုတွေဒါတွေပဲ ပါတော့မှာပေါ့။အဲဒီ အာဏာစီးကြောင်းထဲမှာ နေထိုင်နေရတဲ့ စာဖတ်သူတို့ ကျွန်တော်တို့လို ပြည်သူပြည်သားတွေရဲ့ဘဝက ဘာနဲ့အလားသဏ္ဍန်တူသလဲဆိုရင် အရက်သမားသေသောက်ကြူးရဲ့ လက်ထဲမှာ ဖမ်းမိခံထားရတဲ့ ဆိတ်သူငယ်လေးလို ပါပဲ။ဘယ်အချိန်များ ငါ့ကိုထရိုက်မလဲ၊ဘယ်နေ့များ ငါ့ကိုထသက်မလဲဆိုပြီး မျက်စိသူငယ် နားသူငယ်နဲ့ ထိတ်ထိတ်လန့်လန့်နေရတဲ့ ဘဝ၊ဒီကြားထဲ သူ့စိတ်အလိုမကျရင် ဘာမဆိုင် ညာမဆိုင်နဲ့ ထုထောင်းရိုက်နှက်ခံရတဲ့ ဘဝမျိုးပါ။နာဂစ်မုန်တိုင်းဟာ တစ်ခါတိုက်ပြီး ပျောက်ပြယ်သွားခဲ့ပေမယ့် အာဏာရှင်စနစ် နာဂစ်ကတော့ ( ၁၉၈၈) ကနေ တိုက်ခတ်လာခဲ့တာဟာ ကနေ့ထိအောင်ပါပဲ။သူ့ကြောင့် သေကြေပျက်စီင်္းပြီး အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ကြရတဲ့ ရဟန်းရှင်လူ ပြည်သူတွေ ဘယ်လောက်ထိအောင်ရှိနေပြီလဲဆိုတာ စာဖတ်သူတို့ ကိုယ်တိုင်ပဲ နာဂစ်မုန်တိုင်းနဲ့ ချိန်ထိုးပြီးကြည့်ကြပါတော့။ နာဂစ်မုန်တိုင်းကတော့ သဘာဝဘေးဒဏ်ဖြစ်လို့ ကျွန်တော်တို့အနေနဲ့ ပြုပြင် ပြောင်းလဲဖို့ရာ စွမ်းနိုင်မှာမဟုတ်ပေမယ့် အာဏာရှင်စနစ် နာဂစ်ကိုတော့ကျွန်တော်တို့ရဲ့ အမိမြေမှာ နောက်နောင်ဘယ်တော့မှ မဖြစ်အောင်၊အမိမြေမှ လုံးဝပျောက်ကွယ်သွားအောင် လုပ်လို့ရပါတယ်။အဲဒီလိုလုပ်ဖို့အတွက် ကျွန်တော်တို့မှာ အချက်သုံးချက်ပဲလိုပါတယ်။ ဒါကကျွန်တော့အမြင်ပေါ့ -အချက်သုံးချက်က ဘာတွေလဲဆိုရင် ၁။အမှန်တရားကို ပြတ်သား စွာလက်ခံနိုင်မှု ၂။အမှန်တရားကို အမှန်အတိုင်း ရဲဝံ့စွာဖော်ထုတ်နိုင်မှု၃။သွေးစည်းညီညွတ်မှု တို့ပဲဖြစ်ပါတယ်။ကျွန်တော်တို့တတွေဟာ တိုင်းပြည်မှာ ဖြစ်ပေါ်ခဲ့တဲ့၊ဖြစ်ပေါ်နေတဲ့ ပြဿနာ တွေအပေါ်မှာ ဘယ်ဟာက မှားတယ် ဘယ်ဟာကတော့ဖြင့် မှန်တယ်လို့ စသည်ဖြင့် အမှန်တရားကို ပြတ်ပြတ်သားသား လက်ခံနိုင်ရပါမယ်။လက်ခံပြီးတော့ အဲဒီအမှန်တရားကို မပြောရက်မဆိုရက်နဲ့ ကျွန်တော်တို့ရဲ့ ရင်ထဲ နှလုံးသားထဲမှာ သိမ်းထားရမှာ မဟုတ်ပါဘူး။ ကာယကံရှင်တွေသိအောင် အများကသိအောင် ဖော်ထုတ်ရပါမယ်။အဲဒီလိုဖော်ထုတ်တဲ့ နေရာမှာလည်း တိုင်းရင်းသား ညီအစ်ကို မောင်နှမ ရဟန်းရှင်လူပြည်သူအားလုံး သွေးစီး ညီညွတ်ဖို့ အင်မတန်မှအရေးတကြီး အထူး လိုအပ်ပါတယ်။ဘာကြောင့်လည်းဆိုတော့ မုန်တိုင်းနာဂစ်ဟာ အမိမြေမှ တချို့တဝက်သောမြို့တွေကိုသာ တိုက်ခတ်သွားခဲ့ပေမဲ့ အာဏာရှင်စနစ် နာဂစ်ကတော့ အမိနိုင်ငံတော်ကြီးတစ်ခုလုံးကို နှစ်ပေါင်းများစွာကထဲက ဝင်ရောက်ပြီး မွှေနှောက်တိုက်ခတ်နေတာပါ။ဒါ့ကြောင့် အာဏာရှင်စနစ် နာဂစ်ကို အမိနိုင်ငံတော်မှ အပြီးတိုင် ပျောက်ကွယ်စေချင်ကြရင် တတိယအချတ်ဖြစ်တဲ့ တိုင်းရင်းသားညီအစ်ကိုမောင်နှမအားလုံး သွေးစည်းညီညွတ်ဖို့ အရေးတကြီး အထူးလို အပ်ပါတယ်။ အထက်မှာပြောခဲ့တဲ့ အချတ်သုံးချတ်သာ ကျွန်တော်တို့ရဲ့ အမိနိုင်ငံတော်သူ နိုင်ငံတော်သားအပေါင်းတို့ရဲ့ ရင်ထဲ နှလုံးသားထဲမှာ နက်နက်ရှိုင်းရှိုင်း စွဲမြဲသွားပြီ လက်ခံသွားပြီဆိုရင် အဲဒီနေ့ အဲဒီအချိန်ဟာ အာဏာရှင်စနစ် နာဂစ်ရဲ့ အမိအမြေမှ လုံးဝပျောက်ကွယ်တဲ့နေ့ပါပဲ၊အာဏာရှင်စနစ် နာဂစ်ရဲ့ နောက်ဆုံးနေဝင်ချိန်ပါပဲ။ ဒါ့ကြောင့် ကျွန်တော်တို့အားလုံး ၁။အမှန်တရားကို ပျက်သားစွာ လက်ခံကြရအောင် ၂။အမှန်တရားကို ပျက်သားစွာ ဖော်ထုတ်ကြရအောင်၃။တိုင်းရင်းသားညီအစ်ကို မောင်နှမအားလုံး သွေးစည်းညီညွတ်ကြရအောင်လို့ ရင်းနှီးပွင့်လင်းစွာနဲ့ နှိုးဆော် တိုက်တွန်းရင်း…………. (အာဏာရှင်စနစ် တွန်းလှန်ပစ် မုန်တိုင်းနာဂစ်ဒဏ်မှလည်း ကင်းဝေးကြပါစေ) ဂန္ဓာရ

 
တို့မေတ္တာစွမ်းကမ္ဘာလွှမ်းငြိမ်းချမ်းကြပါစေ
 
ဗိုလ်ချုပ်အောင်ဆန်း
 
ဗိုလ်ချုပ်၏မိန့်ခွန်း
 
ဒေါ်အောင်ဆန်းစုကြည်
 
ဒေါ်အောင်ဆန်းစုကြည်၏မိန့်ခွန်း
 
 
This website was created for free with Own-Free-Website.com. Would you also like to have your own website?
Sign up for free