နအဖလိုချင်နေတာ
"နအဖ လိုချင်နေတာ Legitimacy" 

  နအဖစစ်အုပ်စုရဲ့ အကြိုက်ဆုံးအနေအထားက စက်တင်ဘာရွှေဝါရောင် တော်လှန်ရေးမတိုင်မီ နေ့ရက်တွေဖြစ်ပါတယ်။ ဗိုလ်ချုပ်ခင်ညွန့်နဲ့ စစ်ထောက်လှမ်းရေးတွေ ရှင်းပြီးနောက် အပြည့်အ၀ အာဏာ (absolute power) ရထားပြီး ဒီအတိုင်း ဗိုလ်နေမြဲ ကျားနေမြဲ သွားနိုင်တော့မယ့်အလား သူတို့ ထင်လုံးပေါက်ခဲ့ကြပါတယ်။ ဒါပေမဲ့ ၈၈ကျောင်းသားတွေက သူတို့ကို တောက်လျောက် မျက်စိစပါးမွေး စူးစေခဲ့ပါတယ်။ ပခုက္ကူနဲ့ ရဟန်းပျိုတွေရဲ့ ပတ္တနိက္ကုဇ္ဇနကံဆောင် မေတ္တာပို့မှုတွေက နအဖရဲ့ အရှိုက်ကို ဆောင့်ကန် ခဲ့ပါတယ်။နောက် အိုင်တီရေစီးနဲ့အတူ ဖက်ကြီးလာတဲ့ ဘလော့ဂါမျိုးဆက်သစ်က နအဖရဲ့ ဘုရင့်နောင် အလောင်းဘုရား စစ်ဘုရင်ရူးအိမ်မက်စိတ်ကူးတွေ ပြယ်လွင့်သွားစေခဲ့ပါတယ်။ အခုကျင်းပနေတဲ့ သူတို့ရဲ့ အခြေခံဥပဒေအတွက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲဟာ စက်တင်ဘာ ရွှေဝါရောင်ရဲ့ အကျိုးဆက်ဖြစ်ပါတယ်။ ဒီအတိုင်းအချိန်ဆွဲပြီး အမျိုးသားညီလာခံနဲ့ အရောင်ပြနေရာက သံဃာ့အရေးအခင်းကြောင့် ဗြုန်းဗြုန်းဒိုင်းဒိုင်းကြီး လမ်းပြမြေပုံ အဆင့်(၄) လူထုဆန္ဒခံယူပွဲကို ခုန် ကျော်ပြီး အကောင်အထည်ဖော်လာရပါတယ်။ လူထုနဲ့ ထိပ်တိုက်တိုးမှာကို ကြောက်ပေမဲ့ နအဖ အနေနဲ့ စွန့်ပြီှး ဇွတ်မှိတ်လုပ်နေခြင်းသာ ဖြစ်ပါတယ်။ တကယ်တော့ နအဖစစ်အုပ်စုဟာ ပြည်သူနဲ့ ထိပ်တိုက်တိုးမှာကို အမြဲရှောင်ချင်ပါတယ်။ ကုန်းတွင်းပိုင်းနေပြည်တော်ကို ပြေးတာဒီအချက်ပဲဖြစ်ပါတယ်။ နအဖရဲ့ ဆန္ဒအစစ်အမှန်က ဘာအ ပြောင်းအလဲမှ မလုပ်ပေးဘဲ အလောင်းမင်းတရားစိတ်ကူးနဲ့ ရေရှည်အုပ်စိုးထားချင်တာပဲ ဖြစ်ပါတယ်။ စက်တင်ဘာသံဃာ့အရေးအခင်း ဖြိုခွင်းမှုမှာ နအဖဘက်က အောင်နိုင်ခဲ့တယ်ဆိုပေမယ့် သူတို့ ပေးဆပ်ခဲ့ရာတာ အများကြီးပဲ။ စစ်တပ်ရဲ့ ဖက်ဆစ်သဏ္ဍန် သရုပ်မှန်ကို ကမ္ဘာက မျက်ဝါး ထင်ထင် တွေ့မြင်သွားတယ်။ သူတို့ကျားကန်မှု အပြစ်ယူထားတဲ့ ဘာသာရေးနဲ့ ထိပ်တိုက်တိုး ရင်ဆိုင် ခဲ့ရတယ်။ နိုင်ငံတကာရဲ့ ဖိအားပေးမှု ကုလသမဂ္ဂရဲ့ ကြားဝင်ဖြန်ဖြေမှု အာစီယံရဲ့ ငြီးတွားမှု တွေကြုံရတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို မဆက်ဆံချင်ပေမဲ့ ဟန်ပြဆွေးနွေးပြရတယ်။ တပ်မ တော်ရဲ့ အတွင်းစည်း ပြိုတော့မလိုအထိ ဖြစ်ခဲ့ရတယ်။ နောက်ဆုံးတပ်မတော်နေ့မှာ ဗိုလ်ချုပ်သန်းရွှေ က စစ်တပ်ဟာ အာဏာကို မမက်ဘူး လွှဲပေးမှာပါဆိုတဲ့စကားအထိ လျှောက်ပြောလာရတယ်။ ဒီအချက်တွေကနအဖရဲ့ Legitimacy ကျဆင်းမှုကို ပြသနေပါတယ်။ နိုင်ငံရေးသမားတွေအပေါ် လုံးဝအသာစီးရထားသလိုရှိပြီး ၊လူထုကိုကြောက်အောင် လုပ်ထားနိုင်သလိုရှိပေမဲ့ နအဖဟာ အပြောင်းအလဲ တစုံတရာလုပ်မှဖြစ်မယ်ဆိုတာ လက်ခံနေရတယ်၊ဒီအတိုင်းသွားလို့မရဘူးဆိုတာကို စက်တင်ဘာသံဃာ့အရေးအခင်းက သူတို့ကိုရှော့ဝင်သွားစေခဲ့ပါတယ်။ မေ(၁၀)ရက် လူထုဆန္ဒခံယူပွဲဟာ စက်တင်ဘာရဲ့ ဂယက်ဖြစ်ပြီး နအဖအတွက် တရားဝင်မှု (legitimacy)အမြန်ဆုံးပြန်တင်တဲ့ပွဲပါပဲ။ စစ်တပ်ဟာ စစ်အတွေးပဲတွေးတတ်ပြီးအမြဲတမ်းရန်သူကို အလစ်အငိုက် ထိုးစစ်ဆင်သလို ပြည်သူနဲ့နိုင်ငံရေးသမားတွေအပေါ် ဗျူဟာချတယ်။အခုသူတို့အတွက် အကာအကွယ်စနစ်တကျရှိတယ်လို့ ယူဆတဲ့အခြေခံဥပဒေနဲ့နိုင်ငံရေးထွက်ပေါက် ရေရှည် ဖန်တီးယူဖို့ လုပ်တာဖြစ်တယ်။NLDကိုအမြစ်ပြတ်ချေမှုန်းဖို့ရည်ရွယ်လိုက်တာဖြစ်ပါတယ်။ ဒီနေရာမှာ တရားဝင်မှု legitimacy ဆိုတာ အနည်းငယ်ပြောချင်ပါတယ်၊legitimacy ဆိုတာ သဘောအားဖြင့် တရားမျှတမှု (justice)နဲ့ မှန်ကန်မှု (right)ကို ရည်ညွှန်းကြတယ်၊ NLDဟာ ရွေးကောက်ခံပါတီဖြစ်လို့ တရားဝင်မျှတတယ်၊ စစ်တပ်က မတရားအာဏာသိမ်းထားလို့ တရားမ၀င် ဘူးလို့ဆိုရပါမယ်၊ သို့သော် legitimacy ကိစ္စကဒီ့ထက်ကျယ်ပြန့်ပါတယ်။ ကမ္ဘာကြီးဟာ ဘယ်လောက်ပဲ တိုးတက်ပြောင်းလဲမှုတွေ ရှိတယ်ပဲပြောပြော ဥပဒေလွတ် ကြီးနိုင်ငယ်ညှင်း စိုးမိုးမှုတွေရှိနေတုန်းပဲ။ အင်အားကြီးတာဟာ မှန်ကန်မှုကို ဖြစ်စေတယ် (Might makes right.) ဆိုတဲ့ တောတွင်းဥပဒေသက ဂလိုဘယ်ခေတ်မှာ လက်ခံနေကြတုန်းပဲ။ မိုက်တာဟာ တရားဝင် Legitimacy ဖြစ်တယ်။ ဒီအချက်ကို သူတော်အချင်းချင်း သူတင်းလွေ့လွေ့ လက်ခံကျင့်သုံး တဲ့အုပ်စု ၊ နိုင်ငံတွေရှိနေတယ်။ အထူးသဖြင့် ကျင့်ဝတ်စံနှုန်းတွေထက် ကိုယ်ကျိုးစီးပွား ရှေ့တန်းတင် သူများပါပဲ။ နအဖ စစ်တပ်ဟာ မိုက်ရိုင်းလို့ထွားကြိုင်းလာတာ ဖြစ်တယ်။ ဒီလိုတစ်နေ့ထက်တစ်နေ့ မိုက်ရိုင်းထွားကြိုင်းလာပြီး နှစ်ပေါင်း၂၀ နေနိုင်ခြင်းဟာ၊ သူတို့ကို အသိအမှတ်ပြု ကျားကန်ပေးတဲ့ Legitimacy ဒေါက်တိုင်တွေရှိနေလို့ပါ။ ဒါတွေကတော့ တရုတ်၊ထိုင်း၊အာစီယံတို့က အဓိက လက်သည်တွေဖြစ်တယ်။ မြန်မာနိုင်ငံရဲ့ ပထဝီအနေအထားနဲ့ သယံဇာတတို့က ရန်သူကို လက်ကမ်း ကြိုဆိုပြီး ပြည်သူကို ကျိန်စာသင့်စေတာ ဖြစ်တယ်။ သမိုင်းနဲ့ချီပြီး ပြင်ပနဲ့အဆက်ပြတ် အထီးကျန်ခဲ့မှု ဖြစ်တယ်။ နအဖရဲ့ ၁၉၉၆ ခုနှစ်အထိ တံခါးဖွင့်စီးပွားရေး ရှောင်တခင်ဆန်းပွင့်မှုဖြစ်တယ်။ လူထု အကြိုက် ဘာသာရေးကို လှည့်စားအသုံးချနိုင်ခဲ့မှုဖြစ်တယ်။ နိုင်ငံတကာ အခင်းအကျင်းရဲ့ မပြောင်း လဲနိုင်သေးတဲ့ ၀င်ရောက်မစွက်ဖက်နိုင်ရေးမူ ဖြစ်တယ်။ နိုင်ငံရေးသမားတွေအပေါ် နှိပ်ကွပ်တဲ့အခါ စစ်တပ်ရဲ့စိတ်တူကိုယ်တူ သဘောတွေ့ညီညွတ်မှုတို့ ဖြစ်တယ်။ ဒါတွေဟာ နအဖရဲ့ legitimacy တွေပဲ။ နအဖအုပ်စုဟာ လက်တွေ့နိုင်ငံရေး (real politics) ကို လက်ရဲဇက်ရဲ အသုံးချတတ်တယ်။ အချုပ်အချာ အာဏာပိုင်အတွင်းမှာ အံတုလာမယ့် ဘယ်အရာကိုမဆို ရှင်းပစ်ရဲတယ်၊ တိုင်းရင်းသား မျိုးနွယ်စုတွေ နိုင်ငံရေးသမားတွေဆိုတာမပြောနဲ့ သံဃာကိုတောင် သတ်ပြရဲတာ စက်တင်ဘာဟာ လက်တွေ့ပဲ။ အချုပ်အခြာ ထီးရိပ်ဟာ ကုလသမဂ္ဂထက် တန်ခိုးရှိတာ နအဖဟာ အသိဆုံးဖြစ်တယ်။ ဒီအချက်နဲ့ပဲ ဗိုလ်မှုးချုပ်ကျော်ဆန်းက ဂမ်ဘာရီကို ခွေးပြောပြော လွှတ်လိုက်တာဖြစ်တယ်။ အချုပ် အခြာ နိုင်ငံအတွင်း ကျင်းပမယ့်ဆန္ဒခံယူပွဲဟာ မှောက်ချင်မှောက် လှန်ချင်လှန် ကလိမ်ကျမယ်။ ခင်ဗျားသောက်ရေးလား ဆိုတဲ့အပေါက်ပဲ ။နအဖဟာ နိုင်ငံတွေဟာ ကျင့်ဝတ်တန်ဖိုး(value) ထက် ကိုယ်ကျိုးစီးပွားကို (interest) ရှေ့တန်းပိုတင်တယ်ဆိုတာ သဘောပေါက်တယ်။ သို့သော်အားကြီးတာဟာမှန်တယ်၊ အချုပ်အခြာ ထီးရိပ်အောက်မှာ ချယ်လှယ်ချင်တိုင်း ချယ်လှယ်လို့ရတယ်၊ အိမ်နီးချင်းနိုင်ငံတွေကို သူတို့အကျိုးစီးပွားအတွက် လိုချင်တာပေးထားရင် ပြီး ရောဆိုပေမယ့် နအဖ တကယ်ကြောက်နေရတာရှိတယ်။ အမြဲတမ်း ထိတ်လန့်ပူပန် နေရတာ ရှိတယ်။ အဲဒါကပြည်သူလူထုဆိုတဲ့Legitimacyပဲ။ ပြည်တကယ်တင်းလာရင် မင်းပျက်ပါတယ်၊ စစ်တပ် တွင်းအက်ကြောင်းထင်လာပါလိမ့်မယ်၊ အာဏာရှင်တွေအတွက် အရေးအကြီးဆုံး Legitimacyက လူထုရဲ့ လက်ခံမှု သဘောထားအမြင် (people's subjective perceptions) ပဲဖြစ်ပါတယ်၊ အဲဒီ့ လူထုရဲ့ Legitimacy လုံးဝကျဆင်းသွားရင် အာဏာရှင်တွေ နေလို့မရပါဘူး။ အခုဖက်ဆစ်တပ်မတော်ကို လူထုက လွတ်လပ်ရေးသမိုင်းကြောင်းနဲ့ချီပြီး အသိ အမှတ်ပြု လွန်ခဲ့တာတွေရှိတယ်၊ ဒီကနေ့မှာတော့ တိုင်းပြည်ဟာ မွဲပြာကြလာတဲ့အခါ စစ်တပ်ဟာ သံဃာတွေကို သတ်လာတဲ့အခါ လူလိမ်လူကောက်တွေရဲ့ ယန္တာရားကြီးဖြစ်နေတဲ့အခါ ဒေ၀ဒတ်ဂိုဏ်း သက်သက်ကြီးဖြစ်နေတဲ့အခါ လူထုဟာ အော်ဂလီဆန်လာတယ်။ နအဖအတွက် Legitimacy ဟာ ကျသထက်ကျဖို့တွေပဲရှိပါတယ်။ အခုအခြေခံဥပဒေ အတည်ပြုပွဲဟာ တပ်မတော်ရဲ့ ညစ်ပတ်ပွဲဖြစ်တာမို့ ၁၉၉၀ ရလာဒ်ပြီးရင် ဒုတိယမ္ပိလိမ်ပွဲဖြစ်ဦးမယ်။ တပ်မတော်မော်ကွန်းတိုက်မှာ မှတ်တမ်းတင်ရမယ့် တပ်မ တော်ရဲ့ လူထုအတွက် အထူးဆောင်ရွက်မှုဖြစ်တယ်။ လူထုနဲ့ ထိပ်တိုက်တိုးမှာဖြစ်သလို နိုင်ငံတကာ အလယ်မှာ အရှက်တွေထပ်ကွဲပါအုံးမယ်။ နအဖအုပ်စုရဲ့ သံဃာသတ်မှု လိမ်ညာမှု လောဘဇော တိုက်မှု သမိုင်းမှာ အမှားတွေအခါခါ ကျူးလွန်မှုတွေအတွက် တပ်မတော်သားတိုင်းဟာ ပြည်သူတွေ ရှေ့ မှာ အမြဲသိမ်ငယ်ကြတော့မယ်။ အခုငြစ်ပတ်ယူမယ့် အခြေခံဥပဒေဟာအောက်မှာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်လာစရာ ဘာမှမရှိဘူး၊ နအဖအုပ်စုဟာလည်း တိုင်းပြည်ဖွံဖြိုးတိုးတက်ရေး နကန်းတလုံး နားလည်တာမဟုတ် ဘူး။ အိမ်နီးချင်းတွေထံ စီးပွားရေးဇုံတွေထိုးအပ်ပြီး နေပြည်တော်သွားနေရုံကလွဲလို့ ဘာမှမလုပ်တတ် ဘူး။ ရလာဒ်က ဆင်းရဲချမ်းသာ ကွာဟပြီး လူထုဆူပူရုံပဲ ရှိပါတယ်။ ကမ္ဘာနိုင်ငံတွေရဲ့ သမိုင်းကြောင်းအရကြည့်ရင် အခြေခံဥပဒေဆိုတဲ့ အဓိပ္ပါယ်က ပြည်သူလူထုကနေ အုပ်စိုးသူ မင်း အစိုးရ သမ္မတ စတာတွေအပေါ် လူပါးဝချင်တိုင်း မ၀နိုင်အောင် ကန့်သတ်ထိန်းချုပ်ထားနိုင်မှု (check and balances) ကိုဆိုလိုတာဖြစ်တယ်။ အခု နအဖရဲ့ အခြေခံ ဥပဒေကပြောင်းပြန် စစ်တပ်က လူထုကို ချယ်လှယ်ဖို့ ဖြစ်တယ်။ နိုင်ငံအသီးသီးမှာ အခြေခံဥပဒေ (constitution) အမျိုးမျိုးရေးထားတာတွေရှိပေမဲ့ အခြေခံဥပဒေ ဘောင်အသက်သွင်းမှု (constitutionalization) မလုပ်နိုင်ရင် စက္ကူစုတ်တွေ ဖြစ်သွား ကြပါတယ်။ ရှေ့မှာ ၁၉၄၇ နဲ့ ၁၉၇၄ နမူနာရှိသလို အခြားနိုင်ငံတွေရဲ့ သာဓကတွေလည်း အများကြီးပဲ။ စက်တင်ဘာသံဃာ့အရေးအခင်းလို၊ နာဂစ်မုန်တိုင်းလို မမြင်သာပဲ ပေါ်ထွက်လာတဲ့ ဖြစ်ရပ်အကျပ်အတည်းတွေကို နအဖရင်ဆိုင်ရပါတော့မယ်၊ နအဖရဲ့ အုပ်စိုးမှုအောက်မှာ တပ်မတော်ရဲ့ သမိုင်းဟာ ဘောင်းဘီဝတ်ပဒေသရာဇ် ဖက်ဆစ်သမိုင်းမှန် ဖြစ်သွားရသလို ပြည်သူကပေးနိုင်တဲ့ Legitimacy လည်းကုန်ဆုံးလာပါပြီ။ ပြည်သူက ပေးနိုင်တဲ့ legitimacy မရှိတော့ရင် အာဏာရှင်စနစ် တိုင်း ကြွေကျမြေခရစမြဲ ပါပဲ။ ။ ၀င့်ထန်း
 
တို့မေတ္တာစွမ်းကမ္ဘာလွှမ်းငြိမ်းချမ်းကြပါစေ
 
ဗိုလ်ချုပ်အောင်ဆန်း
 
ဗိုလ်ချုပ်၏မိန့်ခွန်း
 
ဒေါ်အောင်ဆန်းစုကြည်
 
ဒေါ်အောင်ဆန်းစုကြည်၏မိန့်ခွန်း
 
 
This website was created for free with Own-Free-Website.com. Would you also like to have your own website?
Sign up for free